ဘာကြောင့် နှလုံးခုန်နှုန်းမမှန်ရတာလဲ
ရင်ခုန်သံတွေ ဆူညံတာ၊ ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲနေတာမျိုး ဖြစ်ဖူးကြလား။
နှလုံးခုန်နှုန်းမမှန်တာကို ပြောရင်တော့ ဆူညံဝုန်းဒိုင်းကြဲပြီး မြန်နေတာ၊ ပုံမှန်ထက် နှေးနေတာ၊ စည်းချက်ကျကျမဟုတ်ဘဲ နှေးလိုက်မြန်လိုက်ဖြစ်တာ၊ ကြားထဲမှာ ရပ်သွားတတ်တာ အားလုံးကို ဆိုလိုတာပါ။
လေ့ကျင့်ခန်း နဲ့ အားကစားလုပ်နေတဲ့ အချိန်မှာ မြန်နေတာ၊ အိပ်နေတဲ့ အချိန်မှာ နှေးနေတာမျိုးက ပုံမှန်ဖြစ်လို့ စိုးရိမ်စရာမလိုပါဘူး။
နှလုံးခုန်နှုန်းမမှန်တာက အန္တရာယ်မရှိတာမျိုးလည်း ဖြစ်နိုင်သလို အသက်အန္တရာယ်ရှိတဲ့အထိလည်း ဖြစ်နိုင်တာမို့ အမှုမဲ့အမှတ်မဲ့ မနေသင့်ပါဘူး။
ပုံမှန်နှလုံးခုန်နှုန်း
နှလုံးခုန်မမှန်တာကို သိနိုင်ဖို့ ပုံမှန်နှလုံးခုန်နှုန်းကို သိထားရပါမယ်။
တစ်မိနစ်မှာ နှလုံးခုန်နှုန်း...
- မွေးစကနေ ၆လအရွယ်တွေမှာ 120-160
- ၆လကနေ ၂ နှစ်အရွယ်မှာ 90-140
- ၂နှစ်ကနေ ၆ နှစ်အရွယ်မှာ 80-110
- ၆နှစ်ကနေ ၁၂နှစ်အရွယ်မှာ 75-100
- ၁၂နှစ်အထက်နဲ့ လူကြီးတွေမှာ 60-100 ဆိုရင် ပုံမှန်လို့ ပြောလို့ ရပါတယ်။
ဘာကြောင့်နှလုံးခုန်နှုန်းမမှန် ဖြစ်ရတာလဲ?
နှလုံးခုန်နှုန်း မမှန်တော့တာဟာ အောက်ပါအကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
- လတ်တလော နှလုံးအမောဖောက်ထားတာ ဒါမှမဟုတ် အရင်က နှလုံးအမောဖောက်ထားတဲ့ အမာရွတ်ရှိနေတာ
- နှလုံးသွေးကြောတွေ ပိတ်တာ
- Cardiomyopathy လို့ခေါ်တဲ့ နှလုံးကြွက်သားနံရံတွေ မာလာ၊တင်းလာတာ
- သွေးတိုး၊ ဆီးချိုတက်တာ
- Covid 19 ရောဂါဖြစ်တာ
- ရောဂါပိုးဝင်တာ၊ ပိုးဆိပ်ပျံ့တာ
- အဖျားတက်တာ
- သိုင်းရွိုက်ဟော်မုန်းများလွန်းတာ (Hyperthyroid) ၊ နည်းလွန်းတာ (Hypothyroid)
- အရက်၊ ဆေးလိပ်၊ ကော်ဖီ နဲ့ လက်ဖက်ရည်တွေ သောက်တာ
- မူးယစ်ဆေးသုံးတာ
- စိတ်ဖိစီးမှုများတာ နဲ့
- တချို့ဆေးတွေ (အအေးမိတုပ်ကွေးပျောက်ဆေး) ကြောင့် နှလုံးခုန်နှုန်းမမှန်တာ ဖြစ်လေ့ရှိပါတယ်။
ရောဂါလက္ခဏာအနေနဲ့...
- နှလုံးခုန်မြန်ရင် ရင်ဘတ်ထဲမှာ ပြေးနေသလို ခံစားတာ
- နှလုံးစည်းချက်က သိသိသာသာ နှေးနေတာ
- ရင်တလှပ်လှပ်ဖြစ်နေတာ
- အသက်ရှူမဝသလိုဖြစ်တာ
- ရင်ဘတ်အောင့်တာ
- ချွေးစေးတွေထွက်တာ
- ခြေတွေလက်တွေ အေးစက်လာတာ
- သတိလစ်ချင်သလို ဖြစ်တာတွေ ရှိတတ်ပါတယ်။
နှလုံးနဲ့ ဆီးချိုရောဂါအခံတွေကြောင့် ဖြစ်တာမျိုးမှာ နှလုံးခုန်နှုန်း မြန်တာဖြစ်ဖြစ်၊ နှေးတာဖြစ်ဖြစ်၊ မမှန်တာဖြစ်ဖြစ် အချိန်ကြာလာတာနဲ့အမျှ နှလုံးကို သွေးစီးဆင်းမှု မလုံလောက်တော့ဘဲ သွေးပေါင်တွေ ရုတ်တရက်ကျပြီး အချိန်မရွေး နှလုံးရပ်သွားနိုင်ပါတယ်။
ဒါကြောင့် အထက်ပါ ရောဂါလက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးတာ၊ ECG ဆွဲကြည့်တာ၊ သွေးစစ်တာတွေ လုပ်သင့်ပါတယ်။
ကုသမှုအနေနဲ့ ဖြစ်တဲ့အကြောင်းရင်းနဲ့ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး သောက်ဆေးဖြစ်ဖြစ်၊ ထိုးဆေးဖြစ်ဖြစ် ပေးပြီး ကုသရပါတယ်။
ကာကွယ်ဖို့အတွက်ကတော့..
- ကျန်းမာစွာ နေထိုင်စားသောက်ပါ။
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။
- ကိုယ်အလေးချိန်ထိန်းပါ။
- အရက်၊ဆေးလိပ်ဖြတ်ပါ။
- လက်ဖက်ရည်၊ ကော်ဖီ ရှောင်ပါ သို့မဟုတ် လျှော့ပါ။
- စိတ်ဖိစီးမှုနည်းအောင် နေပါ။
- ဆရာဝန်မညွှန်ကြားဘဲ ဆေးတွေအလွယ်တကူ မသုံးစွဲပါနဲ့။
မိတ်ဆွေတွေရော နှလုံးခုန်နှုန်းမှန်ကြရဲ့လား။ ရောဂါအခံတွေလည်း ရှိတယ်၊ နှလုံးခုန်နှုန်းမမှန်ဘူးလို့ မိမိကိုယ်ကို သံသယလည်း ရှိနေတယ်ဆိုရင် တိုင်ပင်ဆွေးနွေးဖို့ healtppy က ဆရာဝန်တွေက အဆင်သင့်ရှိနေပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
မဝင်းယုကျော် 12 Jan 2023 |
နှလုံးမြန်တာဟာနောက်ဆက်တွဲဆိုကျိုးဖစ်နိုင်လား
မဝင်းယုကျော် 12 Jan 2023 |
နှလုံးမြန်တာဟာနောက်ဆက်တွဲဆိုကျိုးဖစ်နိုင်လား